Wednesday, December 24, 2008

တခါတခါများဆို ချစ်သူရယ်


အလွမ်းက ခါးသက်လို့
လှည့်ထွက်မယ်ကြံတော့
ငါခြေဦးတည်ရာက မင်းဆီဖြစ်နေတယ်
ရေငတ်နေခိုက် ရေတပေါက်ဖြစ်ဖြစ်တိုက်ပါလို့
ငါမတောင်းဆိုချင်ပင်မဲ့
လမ်းပျောက်နေတဲ့အချိန်
ငါနှလုံးသားရှင်သန်ဖို့
မင်းဆီကစကားလုံးတစ်လုံးလောက်တော့
မျှော်လင့်မိတာအမှန်ပါ . . . ။
ငါမွန်းကြပ်တိုင်း တမ်းတမိတဲ့
မင်းရှိရာအရပ်ဆီ . . .
နှလုံးသားတို့ရှင်သန်ရာ နယ်မြေမှာ
ငါထာဝရပျော်မွေ့ချင်ပါရဲ့ . . . ။
တကယ်လို့အခုနေများ
ငါသာပြေးထွက် မင်းရှိရာအရပ်ဆီ
ထွက်ပေါက်ရှာခဲ့ရင်
ဘာမှပြင်ဆင်မှု မရှိသေးပဲ
သက်ရောက်လာမဲ့ အနမ်းတစ်ပွင့်ကို
မင်းကြည်ဖြူစွာနဲ့ ခုံမင်ပါ့မလား . . .။
ငါလေ.... အခု
အလွမ်းထက်ဆိုးတဲ့ ဆွေးမြေ့ခြင်းတွေ
ရင်ခွင်မှာ တရက်စက်ဖြစ်နေတာကြောင့်
တခါတခါ ကုလို့ရနိုးနိုးဆိုပြီး
နှလုံးသားထဲ ရင်ခုန်မှုတစ်စုံတရာ
အစားထိုးရှာကြည့်မိတဲ့ချစ်သူ .. ..
မင်းကလွဲပြီး လက်သင့်မခံတဲ့
ငါ့ရင်ခွင်ခပ်ကျင်းကျင်းက
အလွမ်းပေါက်ဖွားတာတော့ ကြီးကျယ်လိုက်တာ
နေ့မနားညမအား အလွမ်းတွေထပ်လို့
ကမ္ဘာပေါ်မှာရှိတဲ့ အဆွေးသီချင်းတွေကုန်လုနီးပါပြီချစ်သူ . . . ။
တကယ်တော့ ငါအခုသီချင်းတစ်ပုဒ်နားထောင်ရင်း
ကဗျာတစ်ပုဒ်ရေးနေတာပါချစ်သူ . . .
သီချင်းက အလွမ်းတေးတစ်ပုဒ်
ကဗျာက ခပ်လွမ်းလွမ်းလေမို့
ရေးနေတဲ့ စာမျက်နှာပေါ်
အလွမ်းများမျင်သက်လို့
မထိမ်းနိုင်မသိမ်းနိုင်နဲ့ ယောင်ရမ်းပြီး
မျက်ရည်များတောင် ကဗျာတစ်ပုဒ်ပေါ်
ခပ်ရွှဲရွှဲလေသွန်ချမိနေပြီ ... ချစ်သူရေ .... ။

Friday, December 19, 2008

မျှော်လင့်ခြင်းရဲ့ ရင်ဖွင့်သံ


အခုနှင်းတွေကျနေတယ် ချစ်သူ
ဟိုအရင်တချိန်က
ငါနှလုံးသား ရင်ခွင်ထဲမှာ
ဒီနှင်းလိုပဲ ကျခဲ့ဖူးတယ်လေ
အဲ့ဒီအချိန်က ကျခဲ့ဖူးတဲ့
နှင်းစက်တွေဟာ ရင်ခုန်သံတွေအပြည့်နဲ့
ငါ့နှလုံးသားတို့ နိုးထကခုန်
အချစ်ဆိုတဲ့အရာကို ငါစသိခဲ့တာ
နှင်းရည်စက်တို့ကြောင့်ပါချစ်သူ
အခုတော့ဒီလိုမဟုတ် နှင်းတွေကျလေလေ
လွမ်းလေလေဖြစ်နေလို့
ငါ့နှလုံးသားကို ဆေးခန်းမှာ
ကြိုတင်ဘိုကင်တင်ထားရတယ် ချစ်သူ
အရာအားလုံးဟာ ပြီးဆုံးခဲ့ပင်မဲ့
မမေ့နိုင်သူ ငါလိုကောင်က
လွမ်းရက်တွေကို လက်ချိုးရီပြီ
အလုပ်မရှိအလုပ်ရှာ ကဗျာရေးလိုက် mail ပို့လိုက်နဲ့
ပြန်မချစ်သူ အသဲနှစ်သူကို
ခံစားမှုအပြည့် စာသားကာရံ
သံစဉ်နံဘေး ချစ်တေးစကားစီကာ
မင်းဆီကို အချိန်မှန်မှန်
ချစ်ခွင့်တောင်းနေဆဲပါမေ-----
ငါမှာဖြစ် အလုပ်ကတဖက်
အလွမ်းက တစ်ချက်နဲ့
နေ့တိုင်းမအား ထမင်းစားဖို့
အချိန်တိုကိုတောင် ငါလေမပေးချင်
second တိုင်း computer ထိုင်ပြီး
online ပေါ်မင်းတတ်လာမလားလို့
မျှော်သာမျှော်ရ ပေါ်မလာတဲ့
မင်းရဲ့ account က
ငါ့ကိုလှောင်ပြောင်နေတယ် ချစ်သူ
အပြစ်မယူပါဘူး မင်းမချစ်သူ
ငါကိုကောင်က တစ်လမှတစ်ခါ
တစ်ခါမှာ တစ်secondလောက်
စကားပြောရယုံ နှစ်လုံးသုံးလုံးနဲ့
ငါနှလုံးသားတို့ connection
ပြန်မတတ်လာနိုင်ပါဘူး
အဲ့ဒီအတွက်ကြောင့်
ကွဲလက်စ အသဲ
လွမ်းလက်စ အလွမ်းချင်းတွေနဲ့
သီချင်းတွေညည်း ကဗျာတွေရေးကာ
မျှော်လင့်ချက် အပ်ချည်မျှင်နဲ့
ငါ့နှလုံးသားကို မင်းနဲ့မတွေ့ရစဉ်
အချိန်ကာလ အတွင်း
အသဲတစ်ခြမ်းကွဲကို လမ်းထိပ်က
အပ်ချုပ်ဆိုင်မှာ သွားပြီ
ငါ့အချစ်တွေ အသက်ဆက်ရှင်ဖို့အတွက်
ချုပ်ထားရမယ်ချစ်သူ ----------:(


.......... ဒီကဗျာလေးက ကျွန်တော်တင်ပြီးသားကဗျာလေးပါ ... မိုးတွင်းဘက်ဆိုမိုးလိုလွမ်းလို့ အခုဆောင်းရောက်
ပြီဆိုတော့ နှင်းနဲ့အတူပုံဖော်လိုက်တာပါ .....

Sunday, December 14, 2008

ကျောင်းကြီးတတ်ခိုက် ဝေလွင့်သစ်ရွက်တို့ရဲ့ခြေရာများ

လေတစ်ချက်ဝေ့လို့ သစ်ရွက်ကြွေခိုက်
နွေတလှည့်ရောက်လို့ ဆောင်းကုန်ခိုက်ပေါ့
ကျောင်းကြီးဖွင့်လို့ အနီးကပ်တတ်ရချိန်မှာ
ပျော်စရာပိတိ ရင်ဝယ်ပြည့်လို့
စာပင်မကျက်နိုင် သူငယ်ချင်းတွေနဲ့ပေါ့
ဟိုဟိုဒီဒီ စကားတွေပြောရင်း
မရေရာတဲ့တေးသွားတွေ သီဆိုလို့
သံစဉ်မငြိမ်မသက်တွေနဲ့
လေတဟူးဟူး တိုက်နေတဲ့
ကွင်းပြင်က ကျောင်းဟင်လင်းပြင်မှာ
နေပူပူနဲ့ မြေပြင်မညီမညာမှာ
ခြေလျင်လျောက်ရင်း ဘယ်ညာက
သစ်ပင်တွေကို စိတ်ခေါ်လို့
နေမင်းက ငါတို့ကိုလှောင်ပြောင်နေတယ်
ရီသံကတော့ မကြားပါဘူး
ဒါပင်မဲ့ ---------------
ဘာအပင်မှန်း မသိတဲ့
မြက်ပင်တွေကို နင်းရင်း
လွယ်အိတ်ကို စလွယ်သိုင်း
ပုဆိုးတုတ်တုတ်နဲ့ မြန်မာ့ယဉ်ကျေးမှုကို
ဖော်ကျူးဖို့ အားတက်သရော
လေးလံတဲ့ ခြေထောက်တွေနဲ့
ကျောင်းဆီိကို ဦးတည်လို့
အချိန်ပြည့်တက်မယ်ပေါ့ စဉ်းစားရင်း
သူငယ်ချင်းတွေ ကြည့်တော့
အားတက်သရော ကန်တီသွားဖို့
ဦးတည်နေတယ် ---------------
မလိုက်ဘူးလို့ ဆုံးဖြတ်ရင်း
အခန်းထဲသို့ဝင် ဘော့ပင်ကိုထုတ်
လက်မှာကိုင်ပြီ ရေးမယ်ဟန်ပြင်ပြုဆဲမှာပင်
လေတွင်မျောလွင့် သံစဉ်သစ်တွေက
ကန်တီဆီမှ----------
စည်းချက်ညီညီနဲ့ ငါ့နားစည်သို့
လွင့်မျောလာရိုက်ခတ်တော့
ငါ့နှလုံးခုန်သံတွေ ကခုန်လို့
အခန်းဆီမှ ပြေးထွက်ဖို့
ဆရာမကိုကြည့်လိုက်တော့
ရာသီဥတုက မကောင်းဘူး
မုန်တိုင်းဆင်ဖို့ မျက်နာနီနေတယ်
ဒါနဲ့ သွားချင်တဲ့စိတ်ကို
မြိုချပြီ အခန်းရှေ့ကိုကြည့်တော့
ရောင်လည်လည်နဲ့ လမ်းစပျောက်နေတဲ့
မုဆိုးလို---------
ထိုင်ရမလို ထရမလိုမလို
ထပဲသွားရတော့ မလိုလိုဖြစ်နေတဲ့
သူငယ်ချင်းများ----------
ဒါနဲ့ စိတ်ကိုအားတင်း
ဆရာမအလစ်ကို ချောင်းပြီပြေးထွက်ခဲ့တယ်
ကန်တီရောက်တော့ ဟိုဟိုဒီဒီမှ
သံစဉ်တွေက ရောသမမွှေလို့
ဘယ်ဆိုင်ထိုင်ရမလဲ စဉ်းစားခန်းပျိုးတုန်း
လေဖြူရဲ့ဆွဲဆောင်မှုကြောင့်
သူရဲ့တေးသွားနောက်
တကောက်ကောက်ပါခဲ့မိတယ်
ဆိုင်ရောက်တော့ မှာချင်တာတွေစွတ်မှာလို့
စားချင်တာတွေစားပြီး BILL ရှင်းရန်
ကြည့်လိုက်တော့ ပြားကပ်နေတဲ့
အိတ်ကပ်က ငါ့ကိုမျက်စောင်းထိုးနေတယ်လေ----------



ကျောင်းတုန်းကအကြောင်းလေးတွေသတိရလို့ ကဗျာဟောင်းလေးကို
အသစ်အနေနဲ့ပြန်လည်တင်လိုက်တာပါ

Wednesday, December 10, 2008

မာန နှင့် အလွမ်းစီးချင်းထိုးရာ

မပီပြင်တဲ့ တမ်းတသံ
ရင်ခုန်သံ နှေးတိနှေးကွေးနဲ့
အသဲက အေးတိအေးစက်
မာဆက်ဆက်ပါးပြင်က ကျလာတဲ့
မျက်ရည်ကြတော့ ပျော့ညံ့လိုက်တာ
ငါသူ့ကို မလွမ်းမိအောင်
အတန်တန်ထိန်းထားရင်းနဲ့
ကျဖြစ်အောင်ကျခဲ့တဲ့ မျက်ရည်စက်တွေက
ငါဆိုတဲ့မာနကိုမှ အားမနာ
ရင်ထဲဖြစ်တည်ချက်တွေက
ဟန်ဆောင်မှုကင်းမဲ့လိုက်တာ
အလွမ်းက မျက်ရည်
မျက်ရည်က အလွမ်းမှမဟုတ်တာ
ငါမျက်ရည်မကျမိရင် သူ့ကိုမလွမ်းမိဖူးပေါ့
ဝေးကွာနေခိုက် အလွမ်းမရှိ
သံယောဇဉ်ဆိုတာမရှိတော့ရင်
အချစ်တွေ စိတ်သုဉ်းလို့
ကြိတ်လွမ်းစရာ ငါဘာလိုသေးလို့လဲ
အဲ့ဒီတော့ အလွမ်းတွေကိုသိမ်း
မျက်ရည်စက်လပ် ပါးပြင်ကွက်လပ်ကို
ငါလူမသိအောင် အသာသုတ်လို့
ငါဆိုတဲ့မာနကို ဆယ်ယူဖို့ကြိုးစား
ဇာတ်လမ်းကို အဆုံးသပ်မယ်ကြံတော့
နှလုံးသားက လက်သင့်မခံ
ငါ့ကိုဝေဖန်ဖန်ချက်ကြီးကြီးနဲ့
စွဲချက်တွေတင် . . .
မင်းဟာတော်တော်ပျော့ညံ့တဲ့
ယောကျာင်္းတစ်ယောက်ပါလား
အချစ်ကိုသွယ်ဝှက် လွမ်းဆွတ်မှုကို
နိဂုံးချုပ်ချင်ရအောင် . . .
မင်းသူ့ကို ချစ်တုန်းက
ငါ့ကိုဘာလို့ ရင်ခုန်ခိုင်းခဲ့လဲ
အခုတော့ . . .
ငါ့ရင်ခုန်မှုနယ်ကျွန်နေပြီမို့
သူ့ကိုမလွမ်းမိအောင် ထိန်းထားမဲ့အစား
ရင်ခွင်ဖွင့်၍ မိုင်းကုန်သာလွမ်းလိုက်ပါတော့ . . .။
ကဲ .. .. ဒါဖြင့်လဲ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
ဒီနေ့တော့ ရက်ရက်စက်စက်
လွမ်းပလိုက်ပါတော့တယ် . . .။

Monday, December 8, 2008

အလွမ်းနဲ့မင်း .. မင်းနဲ့ငါ

အား.... လွမ်းလိုက်တာဟာ
ငိုကြွေးနေတဲ့ ငါနှလုံးသားတွေ
တဆစ်ဆစ်နဲ့နာကျင်လို့
ရင်ခွင်၌ အလွမ်းတို့ဖြစ်ထွန်း
ဝေဒနာတွေအဆထပ်တပိုးတိုးနေပြီပေါ့
ကူပါကယ်ပါချစ်သူရယ် . . .
မင်းလာနိုးနိုးနဲ့ ငါနိုးတ၀က်အိပ်စက်ခြင်းတွေလဲ
ညတိုင်းယောင်ယောင်ခေါ်နေမိတာက
သံစဉ်တွေထပ်လို့ မင်းနံမည်မှတပါး
အခြားဘယ်သူဖြစ်နိုင်အုံးမှာလဲ
ငါ့ကိုသနားပါလို့
မင်းဆီမှာ
မင်းရှေ့မှာ လာရောက်လို့
ဒူးထောက် မျက်ရည်ကြမ်းခင်း
ငါ့အလွမ်းတို့အကြောင်း ရင်ဖွင့်ချင်တယ်ချစ်သူ .... ။
ပြောမဲ့စကားများမပြောဖြစ်ခဲ့တာ
အခုဆို ရင်ခွင်တစ်ခုလုံး
ခံစားချက်တွေနဲ့ ပြည့်သိပ်
ငါမွန်းကြပ်လှပါပြီ .....
ငါဖွင့်ပြောပြန်ရင်လဲ
ငါ့အလွမ်းတွေကို မင်းသိ
ငါ့အလွမ်းတို့ကို လှောင်ပြောင်သရောနေမဲ့
မင်းမျက်နှာ ခပ်ယဲ့ယဲ့အပြုံးတွေကို
ကြောက်ရွံ့လှပါပြီချစ်သူ .... ။
ငါ့ခများ ... အလွမ်းတွေကို
သိမ်းထားရမလိုလို ဖွင့်ဟရမလိုလိုနဲ့
တိုင်ပတ်နေပြီချစ်သူရေ ..... :)
ဒါကြောင့် . . .
မင်းရှေ့မှာ
ငါ့အလွမ်းတို့အကြောင်း အလွမ်းတွေ
သိက္ခာကျမှာဆိုးလို့ ဖွင့်မဟဖြစ်ခဲ့တာပါ .. ... ။

Saturday, December 6, 2008

ဒီဇင်ဘာညရဲ့ အလွမ်းတို့အကြောင်း

မနှစ်က .. ဒီအချိန်
ငါ့အနားမှာ မင်းမရှိဘူးလေ
ဒီနှစ် .. ဒီအချိန်
ဒီဇင်ဘာဆောင်းတစ်ညမှာရော
ငါ့အနားမှာမင်းရှိသလား . . . ။
မင်းမရှိပါဘူး . . ဘယ်တော့များမှ
ငါ့ရင်ခွင်ထဲ မင်းလျှောက်လှမ်းလာမှာလဲ
မျှော်လင့်ချက်တွေနဲ့ အိပ်စက်ခဲ့တဲ့ညတွေကများလို့
ခြောက်ကပ်စွာ တမ်းတရင်း
အလွမ်းတွေက ခါးသက်
ညတွေမှာ အလွမ်းတွေကထပ်လို့
ရင်ခွင်တစ်ခုလုံး နှင်းနဲ့အတူဖုံးလွှမ်း
Christmas ညတွေနဲ့အတူ
မင်းကိုလွမ်းနေရတာ အချိန်တိုင်းဖြစ်နေလို့
ငါ...ဒီပျော်ရွှင်စရာ ဒီဇင်ဘာညတွေကို
ဆုံးရှုံးရတာ မင်းကိုချစ်ပြီးကတည်းကပေါ့ ...
စိတ်ညစ်တာတစ်ခုက ငါဘာကြောင့်
သူ့ကိုအဲ့ဒီလောက်ချစ်နေရတာလဲ
သူ့ကြောင့်ရင်ခုန်မှုတွေ ဘာလို့မရပ်တန့်သေးတာလဲ
ငါလွမ်းရတာ ပင်ပန်းလှပါပြီချစ်သူရယ် ... ။

Tuesday, December 2, 2008

ချစ်တာကို . . .ထားခဲ့မှာကြောက်တာပေါ့...အဲ့ဒီတော့

မင်း . . . ငါ့ရှေ့က
လှည့်ထွက်ဖို့ ဖြေလှမ်းပြင်ခိုက်
အသဲနစ်အောင် စူးရှပါသည်
ဘာမှန်းမသိ အမည်ဖေါ်မရ
ဝေဒနာတခု ဖြတ်သန်းစီးဆင်း
ဓါးထက်ထက်တစ်လက် အသဲကိုထိုးစိုက်ထားသလိုပဲ
ငါဘယ်လိုနေရမှာလဲ . . .
ငါ့ကို နုတ်ဆက်ခဲ့ပါတဲ့ဆိုတဲ့
စကားတစ်ခွန်းတောင် မင်းပြောဖို့
ဝန်လေနေပြီပေါ့ . . .။
အမှန်တရားကို မျက်ကွယ်ပြုပြီး
မင်းရဲ့ အလှတရားကို
လူတကာရှေ့ခင်းပြဖို့
အသဲရောင်းစားနေတဲ့ ဈေးသည်လား
ငါမင်းဆီမှာ
ချစ်ခွင့်ပန်စဉ်က ငါဈေးမစစ်ခဲ့ပါဘူး
မင်းသုံး မင်းဖြုန်းသမျှကို
အမေဆီတောင် ပိုက်ဆံမအပ်ပဲ
ငါရတဲ့လစာကုန်အောင် မင်းကိုပြုစုခဲ့တာပါ
ငါ့အချစ်က မချိုမြိန်ဘူးပြောရအောင်
မင်းငါနဲ့ပတ်သက်ပြီး ရင်ခုန်ဖူးလို့လား
ငါကတော့မင်းနဲ့ပတ်သက်ပြီး ရင်ခုန်လိုက်ရတာ
ငါ့ဘ၀ဆုတ်ပြက်သွားတဲ့အထိပဲ
အခုတော့ မင်းက
ငါ့ကိုရောင်းပန်မလှလို့ဆိုပြီ
စွန့်ပစ်ချင်သေးတယ်ပေါ့
ဒါနဲ့များချစ်သူရယ် .. ..
အရင်တုန်းက ငါဟာမင်းကို
ချစ်ပါတယ်ပြောတုန်းက ဘာလို့အဖြေပေးခဲ့တာလဲ
အဲ့ဒီတုန်းက ငါဟာရင်ခုန်ဖို့ကောင်းလို့လား
အခုမင်းစိတ်ဝင်စားအောင် ငါဘယ်လိုထပ်ကြိုးစားရမလဲ
ပြောပါချစ်သူ ... ... ။
ဒီအတိုင်းကြီးတော့ နုတ်ဆက်မသွားပါနဲ့
ဒီအတိုင်းထားခဲ့မယ်ဆိုလဲ မင်းလက်နှစ်ဖက်နဲ့
ဓါးတစ်လက်ကိုင်ပြီး ရင်ဝကို
အသေသာထိုးနှက်ခဲ့ပါတော့
ငါ့ဘ၀မှာ မင်းမရှိရင်

အသက်ရှင်နေလဲမထူးတော့ဘူးလေ . . .။
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...