Wednesday, December 24, 2008

တခါတခါများဆို ချစ်သူရယ်


အလွမ်းက ခါးသက်လို့
လှည့်ထွက်မယ်ကြံတော့
ငါခြေဦးတည်ရာက မင်းဆီဖြစ်နေတယ်
ရေငတ်နေခိုက် ရေတပေါက်ဖြစ်ဖြစ်တိုက်ပါလို့
ငါမတောင်းဆိုချင်ပင်မဲ့
လမ်းပျောက်နေတဲ့အချိန်
ငါနှလုံးသားရှင်သန်ဖို့
မင်းဆီကစကားလုံးတစ်လုံးလောက်တော့
မျှော်လင့်မိတာအမှန်ပါ . . . ။
ငါမွန်းကြပ်တိုင်း တမ်းတမိတဲ့
မင်းရှိရာအရပ်ဆီ . . .
နှလုံးသားတို့ရှင်သန်ရာ နယ်မြေမှာ
ငါထာဝရပျော်မွေ့ချင်ပါရဲ့ . . . ။
တကယ်လို့အခုနေများ
ငါသာပြေးထွက် မင်းရှိရာအရပ်ဆီ
ထွက်ပေါက်ရှာခဲ့ရင်
ဘာမှပြင်ဆင်မှု မရှိသေးပဲ
သက်ရောက်လာမဲ့ အနမ်းတစ်ပွင့်ကို
မင်းကြည်ဖြူစွာနဲ့ ခုံမင်ပါ့မလား . . .။
ငါလေ.... အခု
အလွမ်းထက်ဆိုးတဲ့ ဆွေးမြေ့ခြင်းတွေ
ရင်ခွင်မှာ တရက်စက်ဖြစ်နေတာကြောင့်
တခါတခါ ကုလို့ရနိုးနိုးဆိုပြီး
နှလုံးသားထဲ ရင်ခုန်မှုတစ်စုံတရာ
အစားထိုးရှာကြည့်မိတဲ့ချစ်သူ .. ..
မင်းကလွဲပြီး လက်သင့်မခံတဲ့
ငါ့ရင်ခွင်ခပ်ကျင်းကျင်းက
အလွမ်းပေါက်ဖွားတာတော့ ကြီးကျယ်လိုက်တာ
နေ့မနားညမအား အလွမ်းတွေထပ်လို့
ကမ္ဘာပေါ်မှာရှိတဲ့ အဆွေးသီချင်းတွေကုန်လုနီးပါပြီချစ်သူ . . . ။
တကယ်တော့ ငါအခုသီချင်းတစ်ပုဒ်နားထောင်ရင်း
ကဗျာတစ်ပုဒ်ရေးနေတာပါချစ်သူ . . .
သီချင်းက အလွမ်းတေးတစ်ပုဒ်
ကဗျာက ခပ်လွမ်းလွမ်းလေမို့
ရေးနေတဲ့ စာမျက်နှာပေါ်
အလွမ်းများမျင်သက်လို့
မထိမ်းနိုင်မသိမ်းနိုင်နဲ့ ယောင်ရမ်းပြီး
မျက်ရည်များတောင် ကဗျာတစ်ပုဒ်ပေါ်
ခပ်ရွှဲရွှဲလေသွန်ချမိနေပြီ ... ချစ်သူရေ .... ။

4 comments:

Anonymous said...

အလွမ်းကဗျာလေး ကောင်းပါတယ်

ကိုယ်ပါ လိုက်ပီး လွမ်းသွားတယ်ဗျာ

Unknown said...

မောင် . . .
ဘာတွေရေးထားတာလဲ
တကယ်လာမလို့လား ....
" ငယ် " စောင့်နေမယ်လေ . . .
မေမေဆီမှာ လာတောင်းနော် .. ..
မေမေကမထည့်ဘူးဆို မောင်ဘယ်လိုလုပ်မှာလဲဟင်
ငယ် .. ကိုထားခဲ့မှာလား .. မောင်တကယ်ပဲ
ငယ့် ကိုအရမ်းလွမ်းနေတာပဲလား ...
ငယ်ယုံပါတယ်မောင်ရယ် ဒါပေမဲ့
မပြည့်စုံနိုင်သေးတဲ့ဘ၀တွေကို
လစ်လျူရှု့လို့မှမရတာ
အချစ်တစ်ခုနဲ့ဘ၀ကိုတည်ဆောက်လို့ရရင်
ငယ်” ရှိရာ မောင်လာစရာမလိုပါဘူး
မောင်ရှိရာအရပ်ဆီကိုသာ
ငယ် အရောက်လာခဲ့မှာ
မောင့်ကိုသနားလို့
ငယ် မေးလ်တွေပို့ထားတယ်နော်ဖတ်လိုက်အုံး
မောင်ငယ့် ကိုမေ့မနေနဲ့အုံးနော်
သတိရနေသိလား

အိပ်မက်နိဒါန်း said...

များများဆက်လွမ်း မောင်လေးရေ..ကိုယ်တောင် ပါသွားတော့မလို့..

ပန်းခရေ said...

မောင်လေးရေ...
ကဗျာလေးက တော်တော်ကို ဟတ်ထိတယ်
ငါ့မောင်လေးလို့မပြောရဘူး တော်တော်ကိုတော်တာပါလားကွာ
ပုံလေးကြိုက်လို့ကူးထားတယ်
း))

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...